ဇွန်လ ၂၆ရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ

ဗိုလ်ချုပ်ကြီးစောတာမလာဘော ဈာပန လူထုထောင်ချီ တက်ရောက်
By နော်နိုရင်3း0 June 2014
Saturday, June 28, 2014
စိုင်းထီးဆိုင်အမှတ်တရ

ဗိုလ်ချုပ်ကြီးစောတာမ လာဘော ရဲ့ ဈာပနအခမ်းအနား ကို ကေအန်ယူဗဟို စစ်ဦးစီး ဌာနချုပ် သေဘေထာ့မှာ ဒီကနေ့ အပိုင်းသုံးပိုင်းခွဲပြီး ကျင်းပခဲ့တယ် လို့ ကေအန်ယူ ဗဟိုစစ်ဦးစီးဌာန ချုပ်က တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် စရှာထူးဝေါ် က ပြောပါတယ်။
ဒီဈာပနအခမ်းအနားကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ရှမ်းပြည်တပ်မတော်က တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ခေါင်းဆောင်တွေ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့နဲ့ အခြားမဟာမိတ်ခေါင်းဆောင်တွေ တော်တော်များများအပါအ၀င် နယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေ စုစု လူပေါင်း ၁ ထောင်ကျော် တက်ရောက်ခဲ့ပါတယ်။
မြန်မာအစိုးရအဆက်ဆက်ကို နှစ်ပေါင်းများစွာ လက်နက်ကိုင်တော်လှန်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံးရဲ့ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောတာမလာဘောဟာ ဇွန် ၂၆ ရက်နေ့ ည ၉ နာရီကျော်က ထိုင်းနိုင်ငံ မဲ့စရီးယန်းမြို့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး စောတာမလာဘောဟာ အင်္ဂလိပ်ကိုလိုနီခေတ်က မြန်မာပြည် အင်္ဂလိပ် စစ်တပ်မှာ စစ်မှုထမ်းခဲ့ပြီး ၁၉၄၉ ခုနှစ်မှာ စတင်ခဲ့တဲ့ ကရင်တော်လှန်ရေး မှာ ပါဝင်ခဲ့ပါတယ်။
ကရင့်တော်လှန်ရေးစတင်ချိန်ကတည်းက ပါဝင်လာခဲ့သူဖြစ်သလို မဟာမိတ်ခေါင်းဆောင်တွေအကြားပြန်လည်သင့်မြတ်အောင် ဦးဆောင်ခဲ့သူဖြစ်တဲ့အတွက် သူက ကြီးမြတ်တဲ့ခေါင်းဆောင်ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် စရှာထူးဝေါ်က ပြောပါတယ်။
ဗိုလ်ချုပ်ကြီးစောတာမလာဘောကို ၁၉၂၀ ခု ဒီဇင်ဘာလ ၂၂ ရက်နေ့က အဘ စောထွန်းရွှေနဲ့ အမိ နော်အေးသာတို့က မွန်ပြည်နယ် မော်လမြိုင်မြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
မွေးချင်းမောင်နှမ နှစ်ဦးရှိပြီး အစ်မဖြစ်သူကတော့ လက်ရှိ သြစတြေးလျမှာ နေထိုင်နေပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၄ နှစ်ရှိပြီ သားသမီး ၈ ဦးနဲ့ နဲ့ မြေးမြစ်တွေ အများအပြား ကျန်ရစ်ခဲ့ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောတာမလာဘော ၉၄နှစ်သည် ဇွန်လ ၂၆ရက်နေ့ ထိုင်းစံတော်ချိန် ည ၉နာရီခွဲခန့်တွင် ထိုင်းနိုင်ငံ၊ မဲ့ဟောင်ဆောင်ခရိုင် မဲ့စရင်းမြို့ရှိ နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ ပြီဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။
“မဆုံးခင်လေးမှာပဲ ကျမဆီကို သမီးဖြစ်သူတွေ ဖုန်းဆက်လာတယ်။ အပါးက အဖျားတက်တာ မသက်သာဘူး။ ချောင်းဆိုးတာ လည်း သလိပ်မထွက်ဘူး။ မောနေတယ်။ အပါးအတွက် ဆုတောင်းပေးပါလို့ ပြောနေပြီး သိပ်မကြာဘူး။ ဖုန်းတခါထပ်လာတော့ မရှိတော့ဘူးလို့ပြောကြတယ်”ဟု နော်ဘလူးမင်းနိုက်ဇန်က အတည်ပြု ပြောဆိုသည်။
စောတာမလာဘောသည် ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလတွင် ပြုလုပ်ခဲ့သည့် ၁၅ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်တွင် ကျန်းမာရေး အရ လုပ်ငန်းတာဝန်များမှ တရားဝင် အနားယူခဲ့ပြီး ဇနီးသည် နော်ဖောကဝေါ်မှာ ယခုနှစ် ဖေဖော်ဝါရီလ ၂၄ရက်နေ့က ၎င်းနေ အိမ်၌ပင် ကွယ်လွန်သွားခဲ့ပြီးဖြစ်သည်။
လက်ရှိအချိန်တွင် သားသမီး ၈ဦးထဲမှ သမီးဖြစ်သူ ပဒိုနော်စီဖိုးရာစိန်မှာ ကေအဲန်ယူ၏ ဒုဥက္ကဌအဖြစ်လည်းကောင်း၊ သားကြီး ဗိုလ်ချုပ်စောမဲအေစိန်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA)၌ G-1 အဖြစ်နှင့် ဒုတိယသား ဗိုလ်ချုပ်စောပီးလစိန် မှာ စစ်ရေးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသည်။
ကေအဲန်ယူ ဥက္ကဌဟောင်းလည်းဖြစ်၊ ကေအဲန်အယ်လ်အေ စစ်ဦးစီးချုပ်ဟောင်းလည်း ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီး စောတာမလာ ဘော ကွယ်လွန်သွားခြင်းကို ကေအဲန်ယူ ဗဟိုရုံးချုပ်မှလည်း ၀မ်းနည်းကြောင်းသ၀ဏ်လွှာ ထုတ်ပြန်လိုက်ပြီး ကေအဲန်ယူ တော် လှန်ရေးခေါင်းဆောင်ကြီးများ၊ တိုင်းရင်းသားခေါင်းဆောင်ကြီးများ၊ ဒီမိုကရေစီအဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များနှင့် ရဲဘော်ရဲဘက်များအား အသိပေးကြောင်း ပါရှိသည်။
ထို့အပြင် ဗြိတိန်အခြေစိုက် Burma Campaign – UK ဒါရိုက်တာ Mark Farmner ကလည်း ၎င်းတို့အဖွဲ့အနေဖြင့် စောတာမ လာဘော ကွယ်လွန်ခြင်းအပေါ် ၀မ်းနည်းသည့် ဆုတောင်းသ၀ဏ်လွှာကို ယနေ့ညတွင်းချင်းပင် ထုတ်ပြန်လိုက်သည်။
ဗိုလ်ချုပ်ကြီးစောတာမလာဘော၏ ဈာပနကိစ္စကို အဖွဲ့အစည်းအနေဖြင့်သော်လည်းကောင်း၊ ဘာသာရေးထုံးတမ်းအရသော် လည်းကောင်း ဆောင်ရွက်သွားမည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားပြီး အသေးစိတ်ကို ကေအိုင်စီမှ ဆက်လက် ဖော်ပြသွား မည်ဖြစ်သည်။
0 comments:
Post a Comment